ကလေးမွေးပြီး နို့မထွက်တာမျိုး မဖြစ်ရအောင်
ကလေးမီးဖွားပြီးချိန်မှာ ကလေးကို ကျန်းမာစေဖို့ဆိုရင် မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်ကျွေးဖို့ လိုပါမယ်။ ဒီလို ကလေးကို မိခင်နို့ ပြည့်ဝအောင် တိုက်ဖို့ လိုနေချိန်မှာ မိခင်နို့ မထွက်တာမျိုး ဖြစ်နေမယ်ဆိုရင် အတော်လေး စိတ်ဖိစီးရမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာတာင် မလိုလောကာ်အောင်ပါ။
ဒါကြောင့် ရင်သွေးလေးကို မွေးဖွားပြီးချိန်မှာ မိခင်နို့ မထွက်တာကြောင့် နို့မတိုက်ရတာမျိုး မဖြစ်စေဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။
မီးဖွားပြီးချိန်မှာ နို့မထွက်တာမျိုးက အဖြစ်များလား? ဖြစ်တတ်လား? ဆိုတော့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့်တော့ အသစ်စက်စက် မိခင်တွေမှာ အဖြစ်များပါတယ်။ ဒီတော့ မီးဖွားပြီးချိန်မှာ မိခင်နို့ မထွက်တာမျိုး မဖြစ်စေဖို့ဆိုရင် မမွေးဖွားခင်ကတည်းကစပြီး အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
ရင်သွေးလေး မွေးဖွားပြီးချိန်မှာ နို့မထွက်တာမျိုး မဖြစ်ရလေအောင်
ရင်သွေးလေး မွေးဖွားပြီးချိန်မှာ နို့မထွက်တာမျိုး မဖြစ်စေဖို့ဆိုရင်
အစားကို ပြည့်ပြည့်ဝဝ စားပါ
ကလေးကို မမွေးခင် နဲ့ မွေးဖွားပြီးချိန် (နို့တိုက်နေချိန်မှာ) အစားကို အာဟာရပြည့်ဝစွာ ရရှိအောင် စားဖို့ လိုပါမယ်။ မိခင်က အစားကို ပြည့်ပြည့်ဝဝ ကောင်းကောင်း စားတာက အားပြည့်စေသလို ကလေးကိုလည်း မိခင်နို့ လုံလောက်စွာ ရရှိစေမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာရော မိခင်နို့တိုက်ချိန်မှာပါ အုတ်ဂျုံ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အယ်လ်မွန်စေ့ စတာတွေအပြင် နေ့စဉ် လိုအပ်ချက် ကယ်လ်လိုရီ ပြည့်မီအောင် အစားကို ပြည့်ပြည့်ဝဝ စားပေးပါ။
အရည်များများ သောက်ပါ
မိခင်နို့ရည်ရဲ့ ၉၀% ကို ရေဓာတ်နဲ့ ဖွဲ့စည်း ထားတာပါ။ ဒါကြောင့် ရင်သွေးလေး မွေးဖွားပြီးချိန်မှာ နို့မထွက်တာမျိုး မဖြစ်စေဖို့ဆိုရင် ရေကို လုံလောက် ပြည့်ဝအောင် သောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေ ၆ ခွက် ကနေ ၈ ခွက်သောက်ပါ။ ဒါ့အပြင် ဟင်းချိုရည်လိုမျိုး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ သောက်စရာတွေကိုလည်း သောက်ပေးပါ။
ပြည့်ပြည့်ဝဝ အနားယူပါ
ပင်ပန်းနွမ်းနယ်တာ၊ စိတ်ဖိစီးတာတွေက မိခင်နို့ ထွက်ရှိမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များများ မိခင်နို့ ကောင်းကောင်း ထွက်စေဖို့ဆိုရင် နို့တိုက်မိခင်က ပြည့်ပြည့်ဝဝ အနားယူဖို့ လိုပါမယ်။ ဒါကြောင့် အနားယူပေးပါ။
နောက်တစ်ချက်က စိတ်ဖိစီးမှု ကင်းအောင် ဂရုစိုက်ပေးဖို့ပါ။ စိတ်စီးတာက နို့ထွက်တာကို ထိခိုက်စေနိုင်တာကြောင့် နို့တိုက်မိခင် တစ်ယောက်အနေနဲ့ တတ်နိုင်သမျှ စိတ်ဖိစီးမှု ကင်းအောင် နေပေးပါ။
မိခင်နို့ ထွက်ရှိမှုကို အဟန့်အတား ဖြစ်စေနိုင်တာတွေကို ရှောင်ပါ
ကျန်းမာတဲ့ မိခင်နို့ ထွက်ရှိမှု ရရှိစေဖို့ ထောက်ကူပေးနိုင်တဲ့ အချက်တွေ အများကြီး ရှိသလို မိခင်နို့ ထွက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်တဲ့ အချက်တွကလည်း အများကြီးပါ။ ဥပမာ ကဖင်းတွေ၊ အယ်လ်ကိုဟော်ပါတာတွေကို သောက်တာ ဆေးလိပ်သောက်သုံးတာ၊ ဟော်မုန်းပါတဲ့ တားဆေးသောက်ဆေးတွေနဲ့ သားဆက်ခြားနည်းတွေက မိခင်နို့ ထွက်ရှိတာကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိခင်နို့ တိုက်နေချိန်မှာ ဒီအချက်တွေကို သတိထား ဆင်ခြင်စေချင်ပါတယ်။
မိခင်နို့ကို သားမြတ် ၂ ခုစလုံးနဲ့ တိုက်ပါ
ကလေးကို မီးဖွားပြီး အစောပိုင်း ရက်သတ္တပတ်တွေမှာ ရင်သွေးကို မိခင်နို့ တိုက်ကျွေးတဲ့အခါ သားမြတ် ၂ ဖက်စလုံးနဲ့ တိုက်ပါ။ တစ်ဖက်ပြီး တစ်ဖက် ပြောင်းတိုက်ပေးတာမျိုးပါ။ ဒါမှ ရင်သားကို လှုံ့ဆော်ပေးသလို ဖြစ်ပြီး နို့ထွက်ရှိစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
ရင်သွေးလေး မွေးဖွားပြီးချိန်မှာ မိခင်နို့ ပြည့်ဝစေချင်တယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားလိုက်နာပေးဖို့ လိုပါမယ်။
မွန်မွန်